ရာသီရက်ကို ဆေးနဲ့ရွှေ့လို့ရနိုင်မလား
ရုတ်တရက်ကြီး ခရီးသွားစရာပေါ်လာလို့…. ပွဲအခမ်းအနားရှိလို့… အရေးကြီးတဲ့ အစီအစဉ်တွေပေါ်လာလို့….. ရာသီရက်ကလဲ အဲ့ရက်မှာ ကွက်တိကျနေတယ်…. ရာသီလာတဲ့အချိန်မှာ စိတ်ရှုပ်ရတာ၊ ပုံမှန်ထက် ပိုပင်ပန်းတာ၊ လွတ်လပ်မှုမရှိတာ… နာကျင်ကိုက်ခဲတာတွေကလဲ ဖြစ်လေ့ရှိတော့ တကယ့်အခါကြီးရက်ကြီးတွေကို ရာသီရက်တွေနဲ့ မတိုက်ဆိုင်ချင်တာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါပဲ။ ဒီတော့ ရာသီရက်ကို ရွှေ့လို့ ရနိုင်မလား??
ရာသီလာတယ်ဆိုတာ ဟော်မုန်းတွေရဲ့ ပြောင်းလဲမှုကြောင့် လစဉ်ကြုံရတဲ့ အမျိုးသမီးတွေရဲ့ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာပါ။ လတိုင်းရဲ့ ပထမ ၂ ပတ်အတွင်းမှာ အမျိုးသမီးတွေရဲ့ သားဥအိမ်ကနေ အီစထရိုဂျင်ဆိုတဲ့ မဟော်မုန်းလေးကို ထုတ်ပေးပြီး သားအိမ်နံရံကို ထူထဲအောင် ကူညီပေးပါတယ်။ ဒီလိုနဲ့ သားဥကြွေပြီးသွားတဲ့အချိန်မှာတော့ ပရိုဂျက်စတရုန်းဆိုတဲ့ ဟော်မုန်းလေးက သားအိမ်နံရံလေး ကွာမကျအောင် ထိန်းပေးပြီး သန္ဓေအောင်ပြီးသား ဥလေးရောက်လာမလားလို့ ပျမ်းမျှအားဖြင့် ၂ ပတ် လောက်အထိ စောင့်ပေးနေပါတယ်။
တကယ်လို့ အမျိုးသားနဲ့ အတူမနေဖြစ်လို့ သန္ဓေသားလေးမဖြစ်လာဘူးဆိုရင်တော့ ပရိုဂျက်စတရုန်းရဲ့ ပမာဏလျော့ကျလာပြီး သားအိမ်နံရံလဲ ပြိုကျလာပါတော့တယ်….. ဒီအချိန်မှာ ရာသီသွေးဆင်းလာမယ်….. ဒါကို ရာသီလာတယ်ဆိုပြီး ခေါ်ကြတာပါ… .. ဒီလို လစဉ် ဖြစ်မြဲ ဓမ္မတာကို ပြောင်းလဲဖို့က သိပ်မတော့မလွယ်ပေမယ့် ရာသီလာတာကို ပုံမှန်ထက်နောက်ကျအောင် ရွှေ့လို့တော့ ဖြစ်နိုင်ပါတယ်။
ကိုယ်က အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဟော်မုန်း ၂ မျိုးပေါင်းထားတဲ့ လစဉ် တားဆေးကဒ်ကို သောက်နေတယ်ဆိုရင်…. ရာသီရက်ကို နောက်ရွှေ့လို့ လွယ်ကူပါတယ်။ များသောအားဖြင့် ဒီဆေးတွေက ၂၁ ရက်ကို ဟော်မုန်းဆေးထည့်ထားပြီး ကျန် ၇ ရက်ကိုတော့ သံဓါတ်အားဖြည့်ဆေးလိုမျိုး ဟော်မုန်းမပါဝင်တဲ့ဆေးကို ထည့်ထားလေ့ရှိပါတယ်။ ဒီတော့ ၂၁ ရက်မှာ ဆေးသောက်ပြီး ကျန် ၇ ရက်မှာ ရာသီလာမယ်ပေါ့….. တကယ်လို့ ကိုယ်က အကြောင်းတစ်ခုခုကြောင့် ရာသီကို မလာချင်သေးဘူးဆိုရင် ဒီ၇ရက်ကို မနားပဲ နောက်ဆေးတစ်ကဒ်ကို စသောက်လိုက်ရင် ရာသီလာတဲ့ရက်က နောက်ကို ဆုတ်သွားမှာပါ။
တကယ်လို့ ကိုယ်က အပျိုဖြစ်တယ်…. ဒါမှမဟုတ် လစဉ်တားဆေးတွေလဲ မသောက်နေဘူးဆိုပါတော့…. ဒါဆိုရင်လဲ ဟော်မုန်းအစားထိုး ဆေးတစ်ခုနဲ့ ရာသီကို နောက်ရွှေ့လို့ ရနိုင်ပါတယ်။ norethinsterone လို့ခေါ်တဲ့ ဟော်မုန်းဆေးတစ်မျိုးကို ရာသီလာမယ့်လို့မှန်းထားတဲ့ ရက်မတိုင်ခင် ၂ ရက် ၃ ရက်လောက် ကြိုသောက်ပေးဖို့လိုပါတယ်။ ဒီဟော်မုန်းဆေးကို ဖြတ်လိုက်ပြီး ၂ ရက် ၃ ရက်မှာပဲ ရာသီပြန်လာပါလိမ့်မယ်…ဒါပေမယ့်… ဟော်မုန်းရဲ့သဘာဝက ရက်အကြာကြီး ထိန်းထားနိုင်မှာမဟုတ်လို့ အလွန်ဆုံး ၂ ပတ်လောက်အထိပဲ ရာသီရက်နောက်ကျအောင် လုပ်လို့ရမှာပါ။ ဒါ့အပြင် အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက် ဟော်မုန်းနဲ့ပတ်သက်ပြီး ရနိုင်တဲ့ အကျိုးအာနိသင်တွေ ကွဲပြားနိုင်လို့ အမြဲ တစ်သမတ်ထဲတော့ ယူဆလို့ မရနိုင်ပါဘူး။
နောက်တစ်ခုပြောချင်တာက ဒီ Norethinsterone ဆေးက ဟော်မုန်းဆေးသီးသန့်ဖြစ်ပြီး သန္ဓေတားဆေးလုံးဝမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီဆေးသောက်နေချိန်မှာ အကာအကွယ်မဲ့ အတူတူနေမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။ ဒါ့အပြင် ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိတာကြောင့် နောက်ပိုင်းမှာ ရာသီမမှန်တာ၊ ဝက်ခြံပေါက်တာ၊ စိတ်တိုစိတ်ဆတ်လွယ်တာ၊ ရင်သားတင်းရင်းနာကျင်တာအပြင် မူးဝေတာတွေလဲ ဖြစ်နိုင်ပါတယ်။
Norethinsterone ကို ကိုယ်ဝန်ရနိုင်ခြေရှိတဲ့အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေ၊ ရင်သားကင်ဆာရှိသူနဲ့ သွေးခဲဖြစ်တတ်တဲ့ အမျိုးသမီးတွေမှာ မသုံးသင့်ပါဘူး။ ဒါ့အပြင် တစ်ချို့သော ဆေးတွေနဲ့ norethinsterone က ဓါတ်ပြုနိုင်တာမျိုးလဲ ရှိနိုင်ပါသေးတယ်။ ဟော်မုန်းဖြစ်တဲ့အတွက် ပမာဏမှန်ကန်ဖို့လဲ အရေးကြီးသလို သုံးပုံသုံးနည်း တိကျမှန်ကန်ဖို့လို လိုပါတယ်။
ဒါ့ကြောင့် မဖြစ်မနေ ရာသီရက်ကို ဆေးနဲ့ ရွှေ့ဖို့လိုလာပြီဆိုရင် ကိုယ့်ရဲ့သဘောအတိုင်း ဆေးသောက်တာမျိုး၊ မကြာခဏ ရက်ရွှေ့တာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်ကို သေသေချာချာ တိုင်ပင်ပြီးမှပဲ ဆေးကို သောက်ပေးပါ။ ရက်ရွှေ့ဖို့ စဉ်းစားပေးပါလို့ ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်နော်….
ရေးသားသူ - ယုဝါ (ဆေးဝါးကျွမ်းကျင်)